ရုပ်ဆင်းရူပကာ ဘယ်လောက်အရေးပါသလဲ

သင်က “ငါ့ရုပ်ကို ငါမကြိုက်ဘူး”လို့ပြောလိမ့်မယ်။ တကယ်ပြောရရင်၊ ကိုယ့်ရုပ်ဆင်းကို လုံလုံးလျား
လျားကျေနပ်တဲ့သူ တစ်ယောက်တစ်လေရှိတယ်ပဲထား၊ ရှာမှရှားပဲ။ “နာစစ်ဆပ်”ကိုကြားဖူးကြမှာပေါ့။
သူက ကိုယ့်ရုပ်ကိုရေအိုင်ထဲ မြင်ပြီး ကိုယ့်ကိုယ်ကို ချစ်ခဲ့မိတာမှန်ပေမယ့် တချို့တွေကတော့ “နာစစ်ဆပ်”နဲ့မတူ၊ ကိုယ့်ရုပ်ကို မြင်ပြီး စိတ်ဓာတ်ကျသွားနိုင်တယ်။
“ကျွန်မကိုယ်လုံးမျိုးကို ကျွန်မမကြိုက်ဘူး။ ကျွန်မကိုကျွန်မ လှတယ်လို့ကို မထင်ဘူး” လို့ကောင်မလေး
တစ်ယောက်က ညည်းတယ်။
“ကျွန်တော့်ဆံပင်ကို ကျွန်တော်မကြိုက်ဘူး၊ အနောက်ဘက်ကို ထိုးထိုးထောင်ထောင်နဲ့” လို့ ကောင်
လေးတစ်ယောက်က ပြောပြန်တယ်။
ပိုဆိုးတာက ဆယ်ကျော်သက်တွေရဲ့ ရုပ်ဆင်းသဏ္ဍာန်က အပြောင်းအလဲမြန်ဆန်လွန်းတဲ့အတွက်
စိတ္တဗေဒပညာရှင်တစ်ဦး အဆိုအရ၊ “လူငယ်တို့သည် ကိုယ့်ကိုယ်အတွင်း၌ ကိုယ်ကိုယ်တိုင် သူစိမ်း
တစ်ရံတစ်ယောက်ဖြစ်နေသယောင် ခံစားကြရသည်။” လို့ ပြောထားပါတယ်။ မြင်တဲ့အတိုင်းပဲ လူငယ်
များစွာက ကိုယ့် မျက်နှာ၊ ဆံပင်၊ ကိုယ်အချိုးအစား၊ ကိုယ်လုံးကိုယ်ပေါက်နဲ့ ပတ်သက်ပြီး မြည်တမ်း
ကြရရှာတယ်။
နောက်ထပ် စိတ္တဗေဒပညာရှင် ဒေါက်တာဂျိမ်းပီခမ်းမားက ဒီလို ပြောကြားပါတယ်။
“လူတစ်ဦး၏ ရုပ်ရည်သည် သူ့ဂုဏ်ရိပ်ရောင်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်၏။ ၎င်းသည် ကိုယ့်ကိုယ်
ကို ယုံကြည်စိတ်ချမှုရှိစေရန်၊ မရှိစေရန်၊ တစ်စုံတစ်ခုကိုပြုရန်၊ မပြုရန် ဖန်တီးနိုင်သည်။” ဒါကြောင့်
ကိုယ့်ရဲ့ ရုပ်ဆင်း အတွက် အပြုသဘောပါပါ အရေးထားခြင်းက အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် အရှက်ကြီးပြီး လူအုပ်ကနေ ခွဲထွက်၊ တသီးတခြားနေရင်၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မကျေမချမ်းတွေ
ဖြစ်နေရင်၊ အပြုသဘောပါတဲ့ အရေးထားခြင်း မဟုတ်တော့ပါဘူး။
စိတ်ဝင်စားစရာကောင်းတာက ကိုယ့်ရုပ်ကြောင့် စိတ်မချမ်းမသာဖြစ်နေတာဟာ ကိုယ်အင်္ဂါ ချွတ်ယွင်း
နေလို့ချည်းမဟုတ်ပါဘူး။ ကျောင်းခန်းထဲမှာ အချိုးအဆစ်သွယ်တဲ့ ဆလင်းဘော်ဒီကောင်မလေးက ငါ
နည်းနည်းဝရင် အကောင်းသားဆိုပြီး မှိုင်နေတယ်။ ဘေးခုံတန်းက အသားအရေပြည့်ဖြိုးတဲ့ မိန်းခလေး
ကတော့ ငါ “ဝ” လွန်းတယ်ဆိုပြီး ညည်းနေတယ်။ ဒီလို မကျေမချမ်းမှုတွေက ဘယ်ကလာသလဲ။
လူငယ်တွေက ကိုယ့်ကိုယ်ကို မချောမလှလို့ ဘာကြောင့်ထင်ကြတာလဲ။
ကျွန်တော့်ဆံပင်က လှိုင်းပါပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ ဖြောင့်ချင်တဲ့ စိတ်ဖြစ်ပေါ်မိတယ်။
ဒါပေမယ့် သူငယ်ချင်းတစ်ယောက် ပြောတာက၊ သူများတွေတောင် ဒီလို ဆံပင်ပုံစံဖြစ်ဖို့ကို ဆိုင်သွား
ပြင်ရတယ်တဲ့။ နဂိုအတိုင်းပဲထားပါ၊ ကောင်းပါတယ်လို့ပြောတယ်။ ဟုတ်ပါတယ်။ အထက်မှာ ကျွန်
တော်ပြောခဲ့သလိုပဲ၊ ကိုယ်တိုင်ကိုက အလိုမကျတာပါ။
ဒါပေမယ့် တချို့လူငယ်တွေကတော့ တကယ်ကို ပုံပန်းသဏ္ဍာန်ချွတ်ယွင်းချက်ရှိကြပါတယ်။ အသားအ
ရေကြမ်းတမ်း၊ အဝလွန်ကဲ၊ နှာခေါင်းပုံပျက်၊ နားရွက်ထိုးထောင်၊ အရပ်ပုကွ၊ ဝက်ခြံမာ၊ ဝချီပိန်ချီ ဒါတွေက လူငယ်တို့အတွက် စိတ်ဆင်းရဲစရာတွေဖြစ်ပါတယ်။ အချိန်ကတော့ ဒီပြဿနာတွေကို အလိုလိုဖြေရှင်းပေးနိုင်ပါတယ်။ တချို့ကိုတော့ အချိန်က မကုစားနိုင်ပါဘူး။ အတော်များများကတော့ ကိုယ့် ရုပ်ဆင်းမလှဆိုတဲ့ အသိစိတ်နဲ့ပဲ စခန်းသွားရမှာပါ။ စာရေးဆရာဂျွန်ကီလင်ဂျာကရေးသားထားတယ်။ “လူအများထုအတွက်၊ ရုပ်ဆင်းမလှခြင်းသည် ဘဝ၏အနာကျည်းဆုံးအပိုင်းဖြစ်သည်။ အသိစောသော် လည်း၊ ဘဝတစ်လျှောက်ရှောင်တိမ်း၍မရသော အမှန်တရားဖြစ်သည်။” 


 ဒါပေမယ့်ဝမ်းသာစရာတစ်ခု ကတော့ ---
ရှိတာလေးနဲ့လည်း အစွမ်းကုန် လှနိုင်ပါတယ်။ အပြစ်အနာအဆာတွေကိုခွဲစိတ်ကုသတာက အကုန် အကျလည်း များတဲ့ အပြင် အန္တရာယ်လည်းများပါတယ်။ (ချွင်းချက်-သွားတွေကို သိုင်းကြိုးတပ်ကုထုံး ကတော့ မညီတဲ့သွားတွေကို ညီစေနိုင်ရုံသာမက လူလည်း ကျန်းမာ၊ အလှလည်း တိုးစေနိုင်ပါတယ်။) သမားရိုးကျ ကျန်းမာရေး ဂရုစိုက်ခြင်းတွေကတော့၊ငွေမကုန်တဲ့အပြင် အများကြီး လှစေပါတယ်။ သင့်ဆံပင်က ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလောက်တော့ စိုပြေချင်မှစိုပြေမယ်မှန်ပေမယ့် သန့်သန့် ရှင်းရှင်းထားနိုင်ပါတယ်။ မျက်နှာ၊ ခြေလက်၊ လက်သဲတွေလည်း ဒီအတိုင်းပါပဲ။ ဖြူဖွေးသန့်စင်တဲ့သွား၊ ပန်းနုရောင်သွားဖုံးကလည်း အပြုံးကို စွဲမက်စရာဖြစ်နိုင်ပါတယ်။ သင်က အဝလွန်နေရင် အစားအသောက်ဆင်ခြင်၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ပေါင်ချိန်လျှော့နိုင်ပါတယ်။
ဆံပင်ကို အပွကောက်ရင် ပွတဲ့နှာခေါင်းမပေါ်တော့ပါဘူး။ မျက်နှာရိုးကားပြီး ထိုးထောင်နေရင် လှိုင်းကောက်ဆံပင်ပုံစံကပြေပြစ်စေနိုင်ပါတယ်။ မိတ်ကပ်ကို ဆင်ဆင်ခြင်ခြင်သုံးရင်လည်း မိန်းခလေးတစ်ယောက်မျက်နှာပေါ်က အနာအဆာကို မထင်မရှားဖြစ်စေပါတယ်။ယောက်ျားလေးဖြစ်စေ၊ မိန်းခလေးဖြစ်စေ၊ အဝတ်အထည်ရွေးဝတ်တတ်ရင် များစွာအထောက်အကူဖြစ်စေ ပါတယ်။ဒေါင်လိုက်အစင်းကိုဝတ်ရင် လူကိုသေးသွယ်သလိုဖြစ်စေပြီး၊ အလျားလိုက်အစင်း ကတော့ ဝဖိုင့်ဖိုင့်ဖြစ်စေပါတယ်။ သင့်မှာလည်း အဖိုးတန်အရည်အသွေးတွေဟာ လူတစ်ဦး အနေနဲ့ရှိခြင်းဖြစ်တာကြောင့် အထင်အမြင်သာဖြစ်တဲ့ ရုပ်ရည်မပြည့်ဝတဲ့အဖြစ်ထက် ပိုပြီး အရေးပါ၊ အလေးသာပါတယ်။
“လူသည် အဆင်းသဏ္ဍာန်ကိုကြည့်ရှုတတ်၏။ ဘုရားသခင်မူကား နှလုံးကို ကြည့်ရှုတတ်၏။”
ဓမ္မရာဇဝင်ပထမစောင် (၁၆း၆၊ ၇)
credit to www.kaung-htet-htun.blogspot.com

0 ယောက် မှတ်ချက်ပေးတယ်:

Copyright © 2012 ဂန္ဓမာ Art.